Monday 12 May 2014

ဈေးအလွန်ချိုသွားသော လက်တော့တစ်လုံး အကြောင်း


တနေ့သ၌ ကျွန်ုပ်သည် Ebay အမည်ရှိဝက်ဆိုက်တွင် ကွန်ပျူတာ ပေါချောင်ကောင်းများကို အားသွန်ခွန်စိုက်ရှာဖွေလျက်ရှိစဉ် ဈေးပေါသော လက်တော့တစ်လုံးကို အမှတ်မထင် တွေ့လိုက်ရလေသည်။ လက်တော့ကား Acer Travel mate 3260 ဖြစ်ပါ၏။ Cpu က အင်တဲထုတ် Dual Core အဆင့်မျှသာဖြစ်သော်လည်း မန်မိုရီက ၂ဂစ်မျှ တပ်ထား၏။ ဟဒစ်ကတော့ အလုပ်ဖြစ်ရုံ ၈၀ဂစ်မျှသာရှိသည်။

 သည်နေရာမှာ ကြုံလို့ ပြောရမည်ဆိုလျှင် လက်တော့ သုံးသူများအဖို့ မိမိ ဘာသုံးမည်ကို ဆုံးဖြတ်ရမည် ဖြစ်ပေသည်။ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင် ဖေ့ဘွတ်သုံးရုံမျှဆိုပါက ကောင်းလွန်းနေပေသေးသည်။ လက်တော့များ၌ အရွယ်အစားကိုတည်၍ အခေါ်အဝေါ်များရှိပါ၏။ Netbook, Ultra portable, Notebook, Desktop Replacement စသည်ဖြင့် ကွဲပြားပါသေးသည်။ ဤနေရ္ကာ ကျမ်းလေးမည်စိုး၍ (လက်ညောင်း၍) မဖော်ပြတော့ပါ။ သိလိုပါက မေးလို့ရပါသည်။ယခု လက်တော့ကား ၁၄.၁လက်မ ဖြစ်ရကား ပုံမှန် Notebook တလုံးဖြစ်ပါသည်။ ပုံမှန်ဖြစ်သောကြောင့် ကီးဘုတ်က ဆိုက်အပြည့်ဖြစ်သည်။ ကီးဘုတ်များကို ချုံ့ထားသော Netbook များတွင်မူ စာရိုက်၍ သိပ်အဆင်မပြေပါ။



 ပိုင်ရှင်က ဆိုထားသည်မှာ ၀ိုင်ယာလက်ခလုတ်ပျက်နေသည်ဆို၏။ ပျက်နေလို့လည်း သည်မျှဈေးနှင့် ရောင်းခြင်းပင်ဖြစ်သည်။ ထူးသည်မှာ လက်တော့ကို လေလံစံနစ်ဖြင့် ၀ယ်ရမည်ဖြစ်သည်။ ကြမ်းခင်းဈေးက ၇၀ဒေါ်လာ (မြန်မာငွေ ၅သောင်းခွဲနီးပါး) ဖြစ်သော်လည်း ပြိုင်ဆွဲသူရှိက ဈေးတက်သွားမည်ဖြစ်သည်။ ထုံးစံအတိုင်း တမိနစ်ခန့်အလိုတွင် ကပ်ဆွဲမည်ဟု စဉ်းစားထား၏။ သို့သော် ထိုနေ့က အိမ်သာတက်နေတုန်း အချိန်စေ့သဖြင့် လွတ်သွားခဲ့လေသတည်း။ ကံကောင်းချင်တော့ လိုချင်သည့်လူမရှိခဲ့ရာ ပိုင်ရှင်က ကြော်ငြာတင်ပြန်လေသည်။ ကျွန်ုပ်လည်း စောင့်၍ဆွဲလေသော် ရသွားလေတော့သည်။ Ebay ၏စည်းကမ်းအရ လေလံအောင်သူကို ရောင်းရမည်ဖြစ်၍ လူတွေ့ငွေချေစံနစ်အတိုင်း ပိုင်ရှင်နှင့် ချိန်းဆိုရလေ၏။ ဆိုက်အတွင်းမှ မတ်စိပို့ရာ ခဏတွင်အကြောင်းပြန်သည်။ သူက serangoon အရပ်တွင် နေထိုင်သူဖြစ်သည်။ ဤအမည်ကား ရန်ကုန်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်မည် ထင်မိသည်။ သေချာတော့ မသိပါ။  Serangoon မီးရထားဘူတာ အနီးတွင် Nex အမည်ရှိ ရှော့ပင်းမောကြီးရှိ၏။ ထိုအနီးကို သွားရမည်ဖြစ်သည်။ မြေအောက်ဘူတာများတွင် ထွက်ပေါက်များစွာရှိရာ အပေါက်မှားမည်စိုးသဖြင့် လမ်းညွှန်ဆိုင်းဘုတ်များကို သေချာစွာကြည့်ရပါသေးသည်။

ပြီးမှ ငွေမလောက်သဖြင့် ငွေထုတ်စက်တစ်လုံးတွင် တန်းစီရပြန်ပါသည်။ တန်းစီနေသောလူများမှာ မနည်းလှ။ စက်က ၂လုံးသာရှိသည်။ တန်းစီနေရာမှ ရှေ့ကလူအလှည့်တွင် Machine is temporarily out of order ဟူသောစာတန်းပေါ်လာရာ နောက်စက်တစ်လုံးသို့ ပြောင်းပြီး တန်းစီရပြန်ပါသည်။ စီပြီးသော် ခုနကလူက ကဒ်ထိုးထည့်လိုက်သည်နှင့် စက်က ပျက်သွားပြန်သည်။ ကျွန်ုပ်ကား ကံဆိုးမိုးမှောင်ကျလေပြီ။ ဤအချိန်တွင် ဘေးမှ စက်က ပြန်ကောင်းနေပြီဖြစ်၍ စဉ်းစားမိသည်မှာ ရှေ့ကလူကြောင့် ကဒ်ပျက်နေသဖြင့် စက်ပျက်သွားကြောင်း တွေးမိသည်နှင့် ပေ၍ စောင့်ကြည့်လိုက်ရာ ငွေထုတ်၍ ရသွားတော့သည်။

ထို့နောက် တက်ဆီဂိတ်တွင်စောင့်နေရတော့သည်။ ၄မိနစ်အတွင် BMW ကားနှင့်လည်မည်ဆို၍ တောသားဖြစ်သူ ကျွန်ုပ်ကား ဒုက္ခလှလှ တွေ့တော့သည်။ ကံကောင်းချင်တော့ ကားအဖြူပေါ်မှ လူက လက်ဟန်ခြေဟန်ပြနေ၍ အဆင်ပြေသွားသည်။ ကိုယ်တော်ချောကားကားပေါ်မှပင် ဆင်းမလာပါ။ ပြတင်းပေါက်မှပင် ကျသင့်ငွေပေးပြီး ယူလာခဲ့လိုက်သည်။ သူတို့အဖို့ ဤမျှငွေလေးသည် မဖြစ်စလောက်မဟုတ်လော။ သို့သော် အကြံပေးလိုသည်မှာ မိတ်ဆွေများအနေနှင့်မူ သေချာစွာစမ်းသပ်ကြည့်သင့်ကြပေသည်။ ဘူတာရုံတွင် အများသုံးနိုင်သော ပလပ်ပေါက်များစွာရှိသည်။ ပလပ်ထိုးပြီး စမ်းဖို့ ခေါ်ပါလေ။





ဘူတာရုံတစ်နေရာ။ (မှတ်ချက်။ ပုံထဲမှ လူသည် ကျွန်ုပ်မဟုတ်ပါ။)


အိမ်ရောက်သော် ပါဝါဖွင်ကြည့်ရာ တန်းတက်လာတော့၏။ ကျွန်ုပ်ကား လွန်စွာဝမ်းသာနေခဲ့ချေပြီ။ ကြာကြာတော့ မခံလိုက်ပေ။ ၅မိနစ်မျှအကြာ လက်တော့သည် လုံးဝ ပါဝါပိတ်သွားတော့သည်။ ကျွန်ုပ်ကား ဖွတ်မရ ဓားမဆုံးချေပြီတည်း။

ဆက်ရန်.....

No comments:

Post a Comment