Thursday 20 May 2010

ဘရူနိုင်းက ဆေးရုံ


သန့်ရှင်းလှပတဲ့ ဆေးရုံတစ်နေရာ


ဒီနေ့သိပ်နေမကောင်းလို့ ဆေးရုံသွားတယ်။ ဆေးရုံက ရန်ကုန်ဆေးရုံကြီးလောက်တော့ရှိမယ်ထင်တယ်။ ကားတွေအများကြီးပဲ။ စ၀င်ဝင်ချင်း အပေါက်မှာ အစောင့်တွေရှိတယ်။ မဆီမဆိုင် ရန်ကုန်ကို သတိရမိတယ်။ အစောင့်တွေက သားသားနားနားပဲ။ ဘယ်သူမှလည်း ပိုက်ဆံမတောင်းဘူးဗျ။ ဗမာပြည်ဆေးရုံနဲ့ ကွာတယ်နော်။ ရန်ကုန်တုန်းက ဆေးရုံမှာ သတင်းမေးတာနဲ့ လိုက်ပြပြီး ပေါ်တင် လက်ဖက်ရည်ဖိုးတောင်းတာ ကြုံဖူးပါတယ်။
အနံ့အသက်ကလည်း နံစော်မနေဘူး။ ၀င်လိုက်တာနဲ့ အဲကွန်းတွေကြောင့် အေးနေပါတယ်။ တစ်နေရာမှာ မှတ်ပုံတင်ရတယ်။ လူနာကတ် ပျောက်သွားတော့ အသစ်ပြန်လုပ်ပေးတယ်။ ၁၀ ဒေါ်လာပေးရပါတယ်။ မှတ်တမ်းတွေကို အခန်းကြီးနဲ့ အပြည့်ထားတာ။ ခဏလေးနဲ့ ပြန်ရှာနိုင်တယ်။
အားလုံးတန်းစီစံနစ်ပါ။ တိုကင်ပေးထားတယ်။ ထိုင်ခုံတွေအများကြီးပဲ။ တီဗီတွေလည်း ပြထားတယ်။ လမ်း၃၀ ဆေးခန်းထက်လည်း ကောင်းသလိုပဲ။ ထိုင်ခုံတွေများလို့ လူတိုင်းထိုင်လို့ရပါတယ်။ တိုကင်ကို အရောင်လေးတွေခွဲထားတယ်။ အ၀ါ၊ အစိမ်း စသဖြင့်ပါ။
ကိုယ့်နံပါတ်ပေါ်လာရင် အခန်းထဲသွားပေါ့နော်။ ဆီးစစ်ဖို့လိုရင် ဆီးပုလင်းပေးပါတယ်။ အိမ်သာကလည်း အရမ်းသန့်တယ်။ ပြီးတာနဲ့ ကြိုက်တဲ့ ၀န်ထမ်းကို ပေးလိုက်ရုံပါပဲ။ အဖြေက ချက်ချင်းသိရပါတယ်။ အားကျတယ်ဗျာ။ တကယ်တော့ သူတို့လည်း လူတွေပဲ။ မြန်မာပြည်ကိုလည်း သူတို့လို ဖြစ်စေချင်လိုက်တာ။
ဆရာဝန်က မြန်မာဖြစ်နေတယ်။ အဆင်ပြေတာပေါ့နော်။ စမ်းသပ်ပြီးတော့ ဆေးယူတဲ့ ကောင်တာမှာ စောင့်ရပါတယ်။ ပိုက်ဆံသွင်းတာ တစ်နေရာ။ ဒါပေမဲ့ နီးတယ်။ အတိအကျ ပြန်အမ်းပေးပါတယ်။ ပြီးတော့ ဆေးထုတ်။ သေချာ ရှင်းပြပေးတယ်ဗျ။

Monday 17 May 2010

ခရီးအစ

ကျနော်က ရန်ကုန်မှာ နေတယ်။ ဆေးကုမ္ပဏီတစ်ခုမှာ လုပ်တာပါ။ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်က တစ်နေ့တော့ ဦးစားကြီးကို သူတို့ဆီ အလုပ်လုပ်ဖို့ ခေါ်တယ်လေ။ သူက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ။ မမျှော်လင့်ထားပေမဲ့ ၀မ်းသာသွားတယ်။ ကျနော်က ပိုက်ဆံချေးမှ နိုင်ငံခြားသွားရမှာမျိုး မလုပ်ချင်ဘူးလေ။ သဘောင်္တွေကို လျှပ်စစ်ပိုင်းပြင်တဲ့ အလုပ်တဲ့။ စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ တတ်သင့်ရာတွေကို လေ့လာရတာပေါ့။ သူငယ်ချင်းကပဲ ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ဆရာက အားပေးပါတယ်။ ငါလည်းအရင်က ဘာမှ မတတ်ဘူးကွတဲ့။ အဲဒါနဲ့ပဲ နောက်တော့ အင်တာနက်ကနေ ဆက်သွယ်ပေါ့လေ။ နောက်တော့ လျှောက်လွှာတွေတင်။ လခကိစ္စ ညှိပေါ့။ နောက်တော့ လာလို့ရပြီတဲ့။ ခေါ်စာရောက်လာတယ်။ ဆေးစစ်ရပါတယ်။ ဆေးစစ်တာဘာညာ တော်တော်ကြာသားပဲ။ ပြီးတော့မှ ဗီဇာရခဲ့တယ်ပေါ့ဗျာ။
သူက သူ့မိန်းမကို အတော်ချစ်တာ။ သူ့မိန်းမကို သူနဲ့အတူ ခေါ်ချင်တယ်။ ကလေးလေးကလည်း တစ်ယောက်ပါတယ်။ သူ့မိန်းမက ဗမာစကားကလွဲရင် တခြားဘာမှ ပြောချင်တာမဟုတ်ဘူး။ အဲဒီတော့ ကျနော့်မှာ တာဝန်တစ်ခုပေါ့။ သူတို့နဲ့ တူတူလာဖို့ပါပဲ။ အဲဒီတော့သူတို့ကို တစ်ခါ ပြန်စောင့်ပေါ့လေ။ နောက်တော့ လေယာဉ်လက်မှတ်ဝယ်တာပေါ့။
အိမ်ကိုခွဲရတော့မယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့။ တစ်ဖက်ကတော့ ၀င်ငွေတိုးလာတော့မယ်ဆိုတော့ နည်းနည်းတော့ ပျော်တာပေါ့လေ။ အဲဒီညမှာ မိန်းမက စိတ်ကောက်နေတယ်။ ဘာလို့လဲဆိုတာ မေးလို့လည်း မရဘူး။ ကလေးတွေကတော့ အိပ်တာပဲ။ ချော့လည်း မချော့ချင်တော့ဘူး။ နောက်ဆုံးတွေ့ခွင့်ရတဲ့ နေ့မှာ အဲသလို မိန်းမက နှုတ်ဆက်ပါတယ်ဗျာ။
မနက်ကျတော့ လေယာဉ်ကွင်းကိုသွားတာပေါ့။ အဲဒီမှာ ထိုင်းကို စီးရတယ်။ ၃၅မိနစ်လောက်ပါပဲ။ အဲဒါ ပထမအတွေ့အကြုံပါပဲ။ တစ်ခါမှ မစီးဖူးသေးဘူးလေ။ လာကျွေးသမျှတော့ အကုန်စားပေးတယ်။ ဒီလိုနဲ့ပဲ ထိုင်းရောက်တာပေါ့။
ကြီးလိုက်တဲ့ လေဆိပ်ကြီးဗျာ။ တစ်ခါမှ မထင်မိဘူး။ ဗမာတွေအရင်က နိုင်ချင်တိုင်းနိုင်ခဲ့တဲ့ ကောင်တွေ၊ မြို့တော်တောင်ပြောင်းပြေးရတဲ့ကောင်တွေဟာ သိပ်ကို တိုးတက်နေပါလား။ စိတ်မကောင်းလဲ ဖြစ်မိတယ်။ ငါတို့ဗမာတွေ သိပ်ခေတ်နောက်ကျနေပါလားလို့လေ။
အဲဒီမှာ အကိုကြီးတစ်ယောက်နဲ့ သိပြီးတော့ အိမ်ကိုတောင် ဖုန်းဆက်ခွင့်ရခဲ့တယ်။ ကျနော်က ဒီလောက်ထိ ဝေးဝေးခွဲဖူးတာမဟုတ်ဘူးလေ။ ဘယ်လောက်ကြာမယ်မှန်းလည်း မသိတဲ့ ခရီးပေါ့။ အဲဒီမှာတော်တော်ကြာတယ်ဗျ။ တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်ဖို့ မလိုသလောက်ပဲ ကွန်ဗေယာတွေသွားနေတယ်ဗျ။ တက်စီးလိုက်ရုံပဲ။ လမ်းညွှတ်ဆိုင်းဘုတ်တွေကိုတော့ သေချာကြည့်ရတယ်။ မသိလည်း မေးလို့ရတယ်ဗျ။ ရဲတွေကလည်း အင်္ဂလိပ်လိုပြောနိုင်သားပဲ။ အဲဒီမှာ နောက်စီးမယ့်လေယာဉ်ကို ဘုတ်ဒင်ပတ်စ် ထုတ်ရတယ်။ နောက်တော့ စောင့်ပေါ့။
ပြီးတော့ လေယာဉ်ပြောင်းစီးရတယ်။ ဒီလေယာဉ်ကတော့ နည်းနည်းစုတ်တယ်။
ရွိုင်ယယ်ဘရူနိုင်းလိုင်းပါ။ လေယာဉ်ပေါ်မှာ စတာနဲ့ မလေးလိုပြောနေပြီ။ အင်္ဂလိပ်လိုလည်း နောက်တစ်ခေါက်ပြောပေးတယ်။ လေယာဉ်မယ်ဆိုတာ မရှိဘူးဗျာ။ မောင်တွေချည်းပဲ။ လမ်းမှာ ထမင်းတော့ ကျွေးတယ်ဗျ။ အ၀စားတာပေါ့လေ။ ဦးစားကြီးကတော့။ ကလေးကလည်း တော်တော်ကဲတယ်ဗျာ။ တစ်ချက်မှကို မငြိမ်ပါဘူး။ ပါရမီထူးတယ်ခေါ်မှာပေါ့။ ကျနော်တောင် နည်းနည်းမူးလာတယ်။ လေယာဉ်စီးရတာ ကြာလာလို့ပါ။
အဲသည်လိုနဲ့ပဲ နောက်ဆုံး ဘန်ဒါဆရီဘီဂါဝမ်လေဆိပ်ကြီးကို ရောက်ခဲ့တယ်ပေါ့ဗျာ။ ခေါင်းမြီးခြုံတွေကို စတွေ့တော့တာပဲ။ မိန်းမတွေက ခေါင်းမြီးခြုံ၊ ယောက်ျားတွေက ဦးထုပ်လေးတွေနဲ့ပဲ။ မွတ်စလင်နိုင်ငံပေကိုး။ အချိန်ကတော့ ည ၈နာရီလောက်ရှိနေပြီ။ ပြီးတော့ လာကြိုတဲ့ သူငယ်ချင်းနဲ့ တွေ့တယ်။
ညစာစားကြတာပေါ့။ ဦးစားကြီးကတော့ တကယ်တော့ အစားအသောက်မှာ သိပ်မစားနိုင်ဘူးဗျ။ နည်းနည်းပဲ။ ပြီးတော့ ကားပေါ်မှာ ပါလာတဲ့တရုတ်နဲ့ ကျနော်သူငယ်ချင်းဗျာ ပြောလိုက်တဲ့စကားတွေ။ အင်္ဂလိပ်လိုတော့ပြောနေတာပဲ တစ်လုံးမှ နားမလည်တာနဲ့ ငုတ်တုတ် အိပ်ပျော်သွားတယ်။
ကလေးကတော့ အတော်ကို ဆော့ရှာပါတယ်။
အဲသလိုနဲ့ နေရမယ့်နေရာကို ည ၁၀နာရီကျော်မှာ ရောက်လာတယ်။ ဆိပ်ခံဗောတံတားကြီးလိုပါပဲ။ ၀မ်းထဲဆင်းရသေးသှဗျ။ အခန်းတွေက အကုန် သံနဲ့ပဲ။ အဲကွန်းကတော့ အေးနေတယ်။ အိပ်ချလိုက်တာနဲ့ တုန်းကနဲ ပျော်သွားတော့တာပဲ။ နောက်နေ့တော့ ဘယ်လိုကြုံမယ်မသိဘူး။
ကဲ ကျနော်လည်း နားတော့မယ်နော်။