Saturday 10 May 2014

ကျွန်ုပ်နှင့် စောစောစီးစီး ချွေးပြန်ရသော စတာ့တာမော်တာ

တစ်နေ့တွင် မနက်စောစော အိပ်စက်အနားယူနေဆဲ ဖြစ်သူ ကျွန်ုပ်အား ချိ အင်ဂျင်နီယာတစ်ယောက်မှ လာနှိုးလေသည်။ ကျွန်ုပ်၏အိပ်ခန်းက ရေဘောင်တံတားပေါ်တွင်ဖြစ်၏။ သင်္ဘောစက် (မိန်းအင်ဂျင် တလုံးနှိုးမရသောကြောင့်ဟု ပြော၏)။ စတာ့တာမော်တာ အလုပ်မလုပ်လို့ ဖြစ်ပေ၏။ သဘောင်္တစ်စီးတွင် အင်ဂျင် ၂လုံးမှ ၃လုံးရှိသည်။ ထို့ထက်မကလည်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီမှာမူ ၃လုံးသာ အများဆုံးရှိပါသည်။
အင်ဂျင်၂လုံးရှိသော်လည်း ၂လုံးစလုံးကောင်းမှ အဆင်ပြေပါသည်။ ၂လုံးစလုံး စုံလိုက်မောင်းသောကြောင့်ဖြစ်သည်။ တလှည့်စီမောင်းခြင်း မဟုတ်ပေ။ သို့ဖြစ်ရာ မိန်းအင်ဂျင်တလုံးနှိုးမရသောကြောင့် သင်္ဘောမထွက်ဖြစ်လျှင် တစ်နေ့စာ နစ်နာမည် ဖြစ်ပေသည်။ ချိအင်ဂျင်နီယာမှာလည်း ဖိလစ်ပိုင်လူမျိုးတယောက်ဖြစ်သည်။ မျက်နှာမှာတော့ ဇီရွက်လောက်သာရှိတော့သည်။
ကျွန်ုပ်ကတော့ လျှပ်စစ်ဆရာဖြစ်ပါသည်။ ငိငိ။ ချိအင်ဂျင်နီယာများမနိုင်တော့သော ကိစ္စနများကား ကျွန်ုပ်ဆီသို့သာ ရောက်လာတတ်ပေသည်။ ယနေ့လည်း စောစောစီးစီး အိပ်ပျက်ချေပြီတကား။

အင်ဂျင်ခန်းကားမနက်စောစောပင် ပူပြင်းလှပေသည်။ လေမှုတ်ပန်ကာများဖွင့်ထားသော်ငြား ပူလောင်စပြုနေပေပြီ။ မက်ကင်းနစ်၂ယောက်ရောက်နှင့်နေသည်ကို တွေ့ရသည် ဖိလစ်ပိုင်တယောက်နှင့် မလေးရှားတယောက်ဖြစ်သည်။ ဖိလစ်ပိုင်ကောင်ကား အတော်တော့ လက်မြန်သည့်အကောင်ဖြစ်၏။ စတာ့တာမော်တာကို ဖြုတ်ထုတ်ထားပြီးလေပြီ။ ကျွန်ုပ်ကိုမေးသည် မင်းမှာ အပိုရှိလားဟု။ ရှိတော့ရှိကြောင်း၊ အရင်စစ်ရမည်ဖြစ်ကြောင်း ပြန်ပြောရသည်။ သူက တစစီဖြုတ်ချင်သည်။ နောက်တယောက်ကလည်း အားပေးသည်နှင့် ဖြုတ်ဖို့လုပ်တော့သည်။ သို့သော် ကျွန်ုက အပြင်မှာ ထောက်စမ်းခိုင်းသည်။ ကြိုးတချောင်းနှင့် ကျော်စမ်းကြည့်ခြင်းဖြစ်သည်။ အလွယ်ပြောရသော် မော်တာကို အလွတ်လည်ခိုင်းခြင်းပေတည်း။ မော်တာလည်သည်မှာ အားမရလှပေ။ သို့မှ ဘက်ထရီကိုဗို့တိုင်းရာတွင် ကြိုးများချောင်နေကြောင်း တွေ့ရပေတော့သည်။ ပြသနာရင်းမြစ်ကား ကြိုးချောင်ခြင်းပေတည်း။ ကြိုးများကို သေချာစွာ ကျပ်လိုက်သည်။ ဘက်ထရီကလမ့်များကို ခွနှင့် သေချာစွာကျပ်လိုက်သည်။ အပြင်မှာစမ်းသော် မော်တာကား တ၀ှီးဝှီး လည်နေခဲ့ချေပြီ။

ချိအင်ဂျင်နီယာနှင့် မက်ကင်းနစ်များကို သြဘာပေးခဲ့ပြီးမှ ပြန်တပ်ခိုင်းရတော့သည်။ သူတို့လည်း မချိသွားဖြဲ ဖြစ်ကုန်ကြသော်လည်း မတတ်နိုင်ပေ။ အမှန်အတိုင်းသာ ရီပို့တင်ရတော့မည်။ ချိအင်ဂျင်နီယာကား သူ့အပြစ်ကို ကာဗာရလိုရငြား ငါးတအိတ်ပေးလိုက်သေးသည်။ ဗမာငွေ ၂သောင်းခန့် တန်ပေလိမ့်မည်။ ကျွုန်ပ်ကား  ၂ပတ်စာခန့် ဖူလုံသွားချေပြီတကား။

No comments:

Post a Comment