ဈေးအလွန်ချိုသွားသော လက်တော့တစ်လုံး အကြောင်း
တနေ့သ၌ ကျွန်ုပ်သည် Ebay အမည်ရှိဝက်ဆိုက်တွင် ကွန်ပျူတာ ပေါချောင်ကောင်းများကို အားသွန်ခွန်စိုက်ရှာဖွေလျက်ရှိစဉ် ဈေးပေါသော လက်တော့တစ်လုံးကို အမှတ်မထင် တွေ့လိုက်ရလေသည်။ လက်တော့ကား Acer Travel mate 3260 ဖြစ်ပါ၏။ Cpu က အင်တဲထုတ် Dual Core အဆင့်မျှသာဖြစ်သော်လည်း မန်မိုရီက ၂ဂစ်မျှ တပ်ထား၏။ ဟဒစ်ကတော့ အလုပ်ဖြစ်ရုံ ၈၀ဂစ်မျှသာရှိသည်။
သည်နေရာမှာ ကြုံလို့ ပြောရမည်ဆိုလျှင် လက်တော့ သုံးသူများအဖို့ မိမိ ဘာသုံးမည်ကို ဆုံးဖြတ်ရမည် ဖြစ်ပေသည်။ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင် ဖေ့ဘွတ်သုံးရုံမျှဆိုပါက ကောင်းလွန်းနေပေသေးသည်။ လက်တော့များ၌ အရွယ်အစားကိုတည်၍ အခေါ်အဝေါ်များရှိပါ၏။ Netbook, Ultra portable, Notebook, Desktop Replacement စသည်ဖြင့် ကွဲပြားပါသေးသည်။ ဤနေရ္ကာ ကျမ်းလေးမည်စိုး၍ (လက်ညောင်း၍) မဖော်ပြတော့ပါ။ သိလိုပါက မေးလို့ရပါသည်။ယခု လက်တော့ကား ၁၄.၁လက်မ ဖြစ်ရကား ပုံမှန် Notebook တလုံးဖြစ်ပါသည်။ ပုံမှန်ဖြစ်သောကြောင့် ကီးဘုတ်က ဆိုက်အပြည့်ဖြစ်သည်။ ကီးဘုတ်များကို ချုံ့ထားသော Netbook များတွင်မူ စာရိုက်၍ သိပ်အဆင်မပြေပါ။
ပိုင်ရှင်က ဆိုထားသည်မှာ ၀ိုင်ယာလက်ခလုတ်ပျက်နေသည်ဆို၏။ ပျက်နေလို့လည်း သည်မျှဈေးနှင့် ရောင်းခြင်းပင်ဖြစ်သည်။ ထူးသည်မှာ လက်တော့ကို လေလံစံနစ်ဖြင့် ၀ယ်ရမည်ဖြစ်သည်။ ကြမ်းခင်းဈေးက ၇၀ဒေါ်လာ (မြန်မာငွေ ၅သောင်းခွဲနီးပါး) ဖြစ်သော်လည်း ပြိုင်ဆွဲသူရှိက ဈေးတက်သွားမည်ဖြစ်သည်။ ထုံးစံအတိုင်း တမိနစ်ခန့်အလိုတွင် ကပ်ဆွဲမည်ဟု စဉ်းစားထား၏။ သို့သော် ထိုနေ့က အိမ်သာတက်နေတုန်း အချိန်စေ့သဖြင့် လွတ်သွားခဲ့လေသတည်း။
ကံကောင်းချင်တော့ လိုချင်သည့်လူမရှိခဲ့ရာ ပိုင်ရှင်က ကြော်ငြာတင်ပြန်လေသည်။ ကျွန်ုပ်လည်း စောင့်၍ဆွဲလေသော် ရသွားလေတော့သည်။ Ebay ၏စည်းကမ်းအရ လေလံအောင်သူကို ရောင်းရမည်ဖြစ်၍ လူတွေ့ငွေချေစံနစ်အတိုင်း ပိုင်ရှင်နှင့် ချိန်းဆိုရလေ၏။ ဆိုက်အတွင်းမှ မတ်စိပို့ရာ ခဏတွင်အကြောင်းပြန်သည်။ သူက serangoon အရပ်တွင် နေထိုင်သူဖြစ်သည်။ ဤအမည်ကား ရန်ကုန်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်မည် ထင်မိသည်။ သေချာတော့ မသိပါ။ Serangoon မီးရထားဘူတာ အနီးတွင် Nex အမည်ရှိ ရှော့ပင်းမောကြီးရှိ၏။ ထိုအနီးကို သွားရမည်ဖြစ်သည်။
မြေအောက်ဘူတာများတွင် ထွက်ပေါက်များစွာရှိရာ အပေါက်မှားမည်စိုးသဖြင့် လမ်းညွှန်ဆိုင်းဘုတ်များကို သေချာစွာကြည့်ရပါသေးသည်။
ပြီးမှ ငွေမလောက်သဖြင့် ငွေထုတ်စက်တစ်လုံးတွင် တန်းစီရပြန်ပါသည်။ တန်းစီနေသောလူများမှာ မနည်းလှ။ စက်က ၂လုံးသာရှိသည်။ တန်းစီနေရာမှ ရှေ့ကလူအလှည့်တွင် Machine is temporarily out of order ဟူသောစာတန်းပေါ်လာရာ နောက်စက်တစ်လုံးသို့ ပြောင်းပြီး တန်းစီရပြန်ပါသည်။ စီပြီးသော် ခုနကလူက ကဒ်ထိုးထည့်လိုက်သည်နှင့် စက်က ပျက်သွားပြန်သည်။ ကျွန်ုပ်ကား ကံဆိုးမိုးမှောင်ကျလေပြီ။ ဤအချိန်တွင် ဘေးမှ စက်က ပြန်ကောင်းနေပြီဖြစ်၍ စဉ်းစားမိသည်မှာ ရှေ့ကလူကြောင့် ကဒ်ပျက်နေသဖြင့် စက်ပျက်သွားကြောင်း တွေးမိသည်နှင့် ပေ၍ စောင့်ကြည့်လိုက်ရာ ငွေထုတ်၍ ရသွားတော့သည်။
ထို့နောက် တက်ဆီဂိတ်တွင်စောင့်နေရတော့သည်။ ၄မိနစ်အတွင် BMW ကားနှင့်လည်မည်ဆို၍ တောသားဖြစ်သူ ကျွန်ုပ်ကား ဒုက္ခလှလှ တွေ့တော့သည်။ ကံကောင်းချင်တော့ ကားအဖြူပေါ်မှ လူက လက်ဟန်ခြေဟန်ပြနေ၍ အဆင်ပြေသွားသည်။ ကိုယ်တော်ချောကားကားပေါ်မှပင် ဆင်းမလာပါ။ ပြတင်းပေါက်မှပင် ကျသင့်ငွေပေးပြီး ယူလာခဲ့လိုက်သည်။ သူတို့အဖို့ ဤမျှငွေလေးသည် မဖြစ်စလောက်မဟုတ်လော။ သို့သော် အကြံပေးလိုသည်မှာ မိတ်ဆွေများအနေနှင့်မူ သေချာစွာစမ်းသပ်ကြည့်သင့်ကြပေသည်။ ဘူတာရုံတွင် အများသုံးနိုင်သော ပလပ်ပေါက်များစွာရှိသည်။ ပလပ်ထိုးပြီး စမ်းဖို့ ခေါ်ပါလေ။
ဘူတာရုံတစ်နေရာ။ (မှတ်ချက်။ ပုံထဲမှ လူသည် ကျွန်ုပ်မဟုတ်ပါ။)
အိမ်ရောက်သော် ပါဝါဖွင်ကြည့်ရာ တန်းတက်လာတော့၏။ ကျွန်ုပ်ကား လွန်စွာဝမ်းသာနေခဲ့ချေပြီ။ ကြာကြာတော့ မခံလိုက်ပေ။ ၅မိနစ်မျှအကြာ လက်တော့သည် လုံးဝ ပါဝါပိတ်သွားတော့သည်။ ကျွန်ုပ်ကား ဖွတ်မရ ဓားမဆုံးချေပြီတည်း။
ဆက်ရန်.....
Monday, 12 May 2014
Saturday, 10 May 2014
လေကြီးသော စလုံးတရုတ်တစ်ယောက်နှင့် ဆုံတွေ့ခဲ့စဉ်
တစ်နေ့သ၌ ကျွန်ုပ်သည် လက်တော့အဟောင်းတလုံးကို အွန်လိုင်းမှ ၀ယ်ယူရန် ရှာဖွေနေခဲ့လေသည်။ အချိန်ကား ၂၀၁၄ခု ၃လပိုင်း ဖြစ်၏။ အွန်လိုင်းမှ ရှာဖွေရသည်မှာ ကောင်းချက်တွေ များစွာရှိပါသည်။ နောက်ကြုံလျှင် ထပ်ရေးပါမည်။ အဓိကတော့ ဆိုင်မှာလို ဟိုအလုံးလေးပြပါ၊ ဒါလေးကြည့်ချင်တယ် စသဖြင့် မရှိဘဲ ကိုယ်စိတ်ဝင်စားရာကို ကွန်ပျူတာမှ ကြည့်နိုင်ချင်းသည် အားသာချက်တစ်ရပ်ပင်ဖြစ်ပေ၏။ မကောင်းသည်မှာကတော့ သူတို့ ရေးထားသည်မှာ မှန်ချင်မှလည်း မှန်ပေလိမ့်မည်။ တချို့လည်း အင်ထုတတ်ပေသေးသည်။ အလျင်းသင့်သည့်အခါမှ မလေးလူလိမ်တစ်ယောက်အကြောင်း ရေးပါဦးမည်။ (ရေးချင်မှလည်း ရေးမှာပေါ့နော်)။
ကျွန်ုပ်ကိုင်သော လက်တော့မှာလည်း dell တံဆိပ်ဖြစ်သည့်အတွက် ထိုအချိန်က dell တလုံးကို ရွေးလိုက်မိပါသည်။ မော်ဒယ်ကား Dell D630 ဖြစ်ပါသည်။ သုံးပျော်သော မော်ဒယ်တစ်မျိုး ဖြစ်ပါ၏။ Core 2 duo စီပီယူအသုံးပြုထားသည်။ ၂၀၀၇ခုနှစ်က ပေါ်သော မော်ဒယ်ပင်ဖြစ်လင့်ကစား သင့်တော်သော အမျိုးအစားပါပေ။ 1g မန်မိုရီမျှသာရှိသော်လည်း ထပ်တိုးနိုင်ပါသေးသည်။ 4g အထိ ထပ်တိုးလို့ရနိုင်သော မော်ဒယ်ဖြစ်ပေသည်။ Harddisk ကတော့ 80gig ဖြစ်ရာ သေးသည်ဟု ဆိုနိုင်သော်လည်း သူရောင်းမည့်ဈေးက မြန်မာငွေ တသိန်းအောက်မျှဖြစ်နေသောကြောင့် စိတ်ဝင်စားမိတော့သည်။
ငွေချေနည်း အမျိုးမျိုးရှိသည့်အနက် Cash on Delivery ဟု ရေးထားသောကြောင့် လူချင်းတွေ့ပြီး ငွေချေရမည် ဖြစ်သည်။ ကျွန်ုပ်ကား စင်ကာပူကျွန်း၏ မြောက်ဖက် Admiralty ခေါ် ဘူတာရုံအနီးတွင်နေထိုင်လျက်ရှိသည်။ ရောင်းမည့်သူက အရှေ့မြောက်ဖက် Punggol ဘူတာရုံအနီးဖြစ်သည်။ သွားရမည့်ခရီးကတော့ ၁နာရီခန့်ကြာပြီး လမ်းစားရိတ် ၄ဒေါ်လာမျှ ကုန်ကျနိုင်မည်ဟု သိရသည်။ အလွယ်ဆုံးကတော့ မြန်မာပြည်မှာ လိုင်းကားစီးသလို MRT ခေါ် ရထားစီးရန် ဖြစ်ပေ၏။
အွန်လိုင်းမှ ၀ယ်ပုံများအနက် လေလံဆွဲပြီး ၀ယ်ရမည့်အမျိုးအစားဖြစ်နေသည်။ ပြိုင်ဖက်ရှိပါက ကျွန်ုပ်ဈေးပိုပေးရမည်ဖြစ်ပြီး မရှိက သူခေါ်သော ကြမ်းခင်းဈေးအတိုင်းပေးလိုက်ရုံသာ ဖြစ်ပါ၏။ သို့ဖြင့် အဓိကဖြစ်သော မဆွဲမီ မေးသင့်သည်များကို မေးမြန်းထားရပါသည်။ သေချာအောင် ဆိုက်မှ မက်ဆေ့ပို့သော် သူ့ဖုန်းနံပါတ် ပို့ပေးသည်နှင့် မတ်စိပို့ကာ မေးရသည်။ အကုန်ကောင်းသည်ဟု ဆိုသဖြင့် လေလံဆွဲဖို့စီစဉ်ရပါသည်။ လေလံဆိုလို့ အခက်ကြီးမဟုတ်ပါ။ ဆိုက်မှာ ကိုယ်ပေးနိုင်သောဈေးကို ထည့်ကာ အချိန်ကုန်ခါနီး မိနစ်ဝက်အလိုမှာ bid ဆိုတဲ့ခလုတ်လေးနှိပ်ပေးရန်သာရှိပါသည်။ အင်တာနက်ကလည်း အမြဲလိုကောင်းနေသောကြောင့် အများအားဖြင့်အဆင်ပြေပါသည်။ အကြံတူသူများမရှိသည့်အတွက် ဈေးချိုချိုနှင့်ပင် ရခဲ့ပေ၏။ ရပြီးသော် တွေ့မည့်နေရာကို မေးရသေးသည်။ သူ့အိမ်ကိုသွားယူရပေမည်။ တချိုသူများကား ရှိသေး၏။ ဈေးနည်းနည်းသာရပါက မရောင်းချင်တော့သူများဖြစ်ပေသည်။
အွန်လိုင်းဆိုက်မှ မက်ဆေ့များဖြင့် ဆက်သွယ်ပြီးသော် Google map မှ မြေပုံကိုလိပ်စာထည့်လိုက်သည်နှင့် ဘယ်ရထားစီးပြီး ဘယ်မှာ ပြောင်းရမည်စသည်ကို သေချာစွာ ပြသပေးထာသဖြင့် ပြသနာမရှိပေ။ ရထားက အနီလိုင်းကနေ စစီးကာ လိမ္မော်လိုင်း၊ နောက်မှ ခရမ်းလိုင်းကို စီးရသည်။ Punggol Mrt Station ၌ဆင်းလိုက်၏။
သူ့အိမ်အနီးဘူတာရောက်သော် လမ်းလျှောက်ရန် Google map မှ ညွှန်ပြသည့်အတိုင်းသွားရာ ရောက်သွားတော့သည်။ အစိုးရ တိုက်ခန်းများပါပေ။ စလုံးတိုက်အများစုမှာ အောက်ဆုံးထပ်က အခန်းမရှိသော မိုးပျံတိုက်များ ဖြစ်ပါ၏။ မရောက်မီ မက်ဆေ့ကြိုပို့ပြီးမှ ငတိက ဓာတ်လှေခါးဖြင့် ဆင်းလာလေ၏။ ကွန်ပျူတာကိုတွေ့သောအခါ အနည်းငယ် စိတ်ပျက်မိလေသည်။ မသားနားဘဲ ညစ်ပတ်နေပေသည်။ စမ်းစရာရှိတာလေးကို စမ်းလို့ရသေးလို့တော်သေးသည်။ ဘက်ထရီက ၁နာရီလောက်ခံတာကိုး။
ဘယ်လိုစမ်းလဲဆိုတာတော့ နောက်မှပေါ့ခင်ဗျာ။ စမ်းကြည့်ပြီးသော် ငွေချေလိုက်သည်။ သူက အာမခံချက်မပေးပါ။ နည်းနည်းတော့ လန့်သွားသည်။ မတတ်နိုင်ဘူးလေ စာမှ သေချာမဖတ်ခဲ့ဘဲကိုး။ သူက မေးသည် မင်းစကားပြောတဲ့လေသံကတော့ စလုံးသားမဟုတ်ဘူးကွ။ မင်းက ဘယ်ကလဲဟု မေး၏။ ကျွန်ုပ်က ငါမြန်မာပြည်သားကွဟု ပြောသော အံ့အားသင့်သွား၏။ မင်းဒီကို ဘာနဲ့လာလာဟု စပ်စုပြန်သည်။ ရထားနဲ့ဆိုတော့ မင်းအရမ်းတော်တယ်။ ရှာတတ်သားပဲဟု ဆိုပြန်သည်။ စလုံးသားတို့ထုံးစံကား ဤသို့ပင်တည်း။ သူတို့သာ လူတော်လူတတ်ဟု သဘောထားတတ်ပေသည်တကား။ Google map က စလုံး၏နေရာတိုင်းကို သွားဖို့ လမ်းညွှန်ပေးသည်ကို သူ့ကို မရှင်းပြတော့ပါ။
ဒါကိုပြန်ရောင်းဖို့လားဟု စပ်စုပြန်သည်။ ငါကြိုက်ရင်သုံးမယ် မကြိုက်ရင်ရောင်းမယ်လို့တော့ ပြန်ပြောလိုက်သည်။ နောက်တော့ ပြန်ရန်နှုတ်ဆက်ပြီး သူကျေနပ်အောင် အပြန်လမ်းကို မေးလိုက်သည်။ အမှန်က ကျွန်ုပ်၏၀ါသနာအရ အသွားနဲ့အပြန် လမ်းမတူအောင် ပြန်ချင်တာလည်း ပါသည်။ သူလည်း ပြောခွင့်ရစေရန်လည်း ပါသည်။ သို့ဖြင့် သူညွှန်သောလမ်းအတိုင်းပြန်ခဲ့သည်။ အိမ်ရောက်၍ မြန်မာဖွန့် တင်လိုက်သည်။ စမ်းသုံးကြည့်သည်။ တညလုံး မပိတ်ဘဲ ဖွင့်ထားသည်။ သီချင်းဖွင့်သည်။ ပြသနာ တစုံတရာမရှိပါ။
ဤသို့ဖြင့် ၂ရက်ခန့်ကြာသော် သူငယ်ချင်းတဦးအား အမြတ်တင်၍ ပြန်ရောင်းလိုက်တော့သည်။ ကျွန်ုပ်၏ mission ကားအောင်မြင်သွားခဲ့ပြီ။ ရသောအမြတ်ကို ငွေအနည်းငယ်ထပ်ဖြည့်၍ ပိုအဆင့်မြင့်သော လက်တော့ တလုံးကို ထပ်ဝယ်ကာ ချစ်ဇနီးအား လက်ဆောင် ပေးခဲ့ပါကြောင်း။

ကျွန်ုပ်နှင့် စောစောစီးစီး ချွေးပြန်ရသော စတာ့တာမော်တာ
တစ်နေ့တွင် မနက်စောစော အိပ်စက်အနားယူနေဆဲ ဖြစ်သူ ကျွန်ုပ်အား ချိ
အင်ဂျင်နီယာတစ်ယောက်မှ လာနှိုးလေသည်။ ကျွန်ုပ်၏အိပ်ခန်းက
ရေဘောင်တံတားပေါ်တွင်ဖြစ်၏။ သင်္ဘောစက် (မိန်းအင်ဂျင် တလုံးနှိုးမရသောကြောင့်ဟု
ပြော၏)။ စတာ့တာမော်တာ အလုပ်မလုပ်လို့ ဖြစ်ပေ၏။ သဘောင်္တစ်စီးတွင် အင်ဂျင်
၂လုံးမှ ၃လုံးရှိသည်။ ထို့ထက်မကလည်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့
ကုမ္ပဏီမှာမူ ၃လုံးသာ အများဆုံးရှိပါသည်။
အင်ဂျင်၂လုံးရှိသော်လည်း ၂လုံးစလုံးကောင်းမှ အဆင်ပြေပါသည်။ ၂လုံးစလုံး စုံလိုက်မောင်းသောကြောင့်ဖြစ်သည်။ တလှည့်စီမောင်းခြင်း မဟုတ်ပေ။ သို့ဖြစ်ရာ မိန်းအင်ဂျင်တလုံးနှိုးမရသောကြောင့် သင်္ဘောမထွက်ဖြစ်လျှင် တစ်နေ့စာ နစ်နာမည် ဖြစ်ပေသည်။ ချိအင်ဂျင်နီယာမှာလည်း ဖိလစ်ပိုင်လူမျိုးတယောက်ဖြစ်သည်။ မျက်နှာမှာတော့ ဇီရွက်လောက်သာရှိတော့သည်။
ကျွန်ုပ်ကတော့ လျှပ်စစ်ဆရာဖြစ်ပါသည်။ ငိငိ။ ချိအင်ဂျင်နီယာများမနိုင်တော့သော ကိစ္စနများကား ကျွန်ုပ်ဆီသို့သာ ရောက်လာတတ်ပေသည်။ ယနေ့လည်း စောစောစီးစီး အိပ်ပျက်ချေပြီတကား။
အင်ဂျင်ခန်းကားမနက်စောစောပင် ပူပြင်းလှပေသည်။ လေမှုတ်ပန်ကာများဖွင့်ထားသော်ငြား ပူလောင်စပြုနေပေပြီ။ မက်ကင်းနစ်၂ယောက်ရောက်နှင့်နေသည်ကို တွေ့ရသည် ဖိလစ်ပိုင်တယောက်နှင့် မလေးရှားတယောက်ဖြစ်သည်။ ဖိလစ်ပိုင်ကောင်ကား အတော်တော့ လက်မြန်သည့်အကောင်ဖြစ်၏။ စတာ့တာမော်တာကို ဖြုတ်ထုတ်ထားပြီးလေပြီ။ ကျွန်ုပ်ကိုမေးသည် မင်းမှာ အပိုရှိလားဟု။ ရှိတော့ရှိကြောင်း၊ အရင်စစ်ရမည်ဖြစ်ကြောင်း ပြန်ပြောရသည်။ သူက တစစီဖြုတ်ချင်သည်။ နောက်တယောက်ကလည်း အားပေးသည်နှင့် ဖြုတ်ဖို့လုပ်တော့သည်။ သို့သော် ကျွန်ုက အပြင်မှာ ထောက်စမ်းခိုင်းသည်။ ကြိုးတချောင်းနှင့် ကျော်စမ်းကြည့်ခြင်းဖြစ်သည်။ အလွယ်ပြောရသော် မော်တာကို အလွတ်လည်ခိုင်းခြင်းပေတည်း။ မော်တာလည်သည်မှာ အားမရလှပေ။ သို့မှ ဘက်ထရီကိုဗို့တိုင်းရာတွင် ကြိုးများချောင်နေကြောင်း တွေ့ရပေတော့သည်။ ပြသနာရင်းမြစ်ကား ကြိုးချောင်ခြင်းပေတည်း။ ကြိုးများကို သေချာစွာ ကျပ်လိုက်သည်။ ဘက်ထရီကလမ့်များကို ခွနှင့် သေချာစွာကျပ်လိုက်သည်။ အပြင်မှာစမ်းသော် မော်တာကား တ၀ှီးဝှီး လည်နေခဲ့ချေပြီ။
ချိအင်ဂျင်နီယာနှင့် မက်ကင်းနစ်များကို သြဘာပေးခဲ့ပြီးမှ ပြန်တပ်ခိုင်းရတော့သည်။ သူတို့လည်း မချိသွားဖြဲ ဖြစ်ကုန်ကြသော်လည်း မတတ်နိုင်ပေ။ အမှန်အတိုင်းသာ ရီပို့တင်ရတော့မည်။ ချိအင်ဂျင်နီယာကား သူ့အပြစ်ကို ကာဗာရလိုရငြား ငါးတအိတ်ပေးလိုက်သေးသည်။ ဗမာငွေ ၂သောင်းခန့် တန်ပေလိမ့်မည်။ ကျွုန်ပ်ကား ၂ပတ်စာခန့် ဖူလုံသွားချေပြီတကား။

Friday, 6 December 2013
အင်တာနက်မှ အပိုဝင်ငွေ ရှာခြင်း မိတ်ဆက်
မြန်မာလိုလေးတော့ တတ်နိုင်သလောက်လေး ရေးပေးပါ့မယ်။ ဒါပေမဲ့ ဒီအလုပ်လုပ်ဖို့ဆိုရင် အင်္ဂလိပ်စာလေး အနည်းအကျဉ်းနားလည်ရင် ကောင်းပါတယ်။ ငွေရအောင် အင်တာနက်က ရှာကြမယ်။ ရှာနည်းတွေက အများကြီးပါပဲ။ အဲဒီထဲက တစ်နည်းကတော့ ကြော်ငြာကြည့်တာပါ။ ကြောငြာကလစ်တယ်လို့လည်း ပြောကြတယ်။ Paid to Click ပေါ့ဗျာ။ ကြော်ငြာကို ကြည့်ဖို့ ပိုက်ဆံပေးတာပါ။ အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ တစ်နေ့ကို ၂ပြားကနေ ၁၀ပြားလောက်အတွင်းပေါ့ ဒေါ်လာနဲ့ ပေးတာပါ။
ဒါလေးနဲ့ ဘာဖြစ်မှာလဲလို့ ထင်စရာရှိပါတယ်။ ပျားလေးတွေလိုပေါ့ဗျာ။ တစ်စက်ကျများ ပြည့်သောလားသို့ဆိုတာလည်း ရှိတာပဲ။ ဒါက အခြေခံပါပဲ။ အများအားဖြင့်တော့ တစ်နေ့ကို ၅ပြားဝန်းကျင်ရကြပါတယ်။ ဗမာငွေ ၅၀လောက်ပေါ့ဗျာ။ ၁၀ရက်စုရင် ၅၀၀ဖြစ်လာမယ် မဟုတ်လား။ ရက်၁၀၀ဆိုရင် ၅၀၀၀ပေါ့။ ဒါက မြန်မာငွေနဲ့စဉ်းစားပြတာပါ။
ဒီထက်ပိုမရတော့ဘူးလား ဆိုတော့ နည်းလမ်းလေးတွေ ရှိတယ်ဗျ။ ရလာတဲ့ ငွေက အကြမ်းအားဖြင့်တော့ ၂ဒေါ်လာကနေ ၅ဒေါ်လာလောက်ဆို ထုတ်လို့ရပါတယ်။ ထုတ်လို့ရတာကို လက်ထဲရောက်အောင် ဘယ်လိုလုပ်မလဲဆိုတော့ ပထမဆုံးတော့ paypal အကောင့်ဖွင့်ရတယ်။ သူကတော့ ငွေလွှဲတဲ့ အေးဂျင့်သဘောပါပဲ။ ဒါပေမဲ့ သူ့မှာငွေအပ်ထားလို့လည်း ရပါတယ်။ ဘဏ်လိုပဲပေါ့ဗျာ။ အင်္ဂလိပ်လိုတော့ payment processor လို့ခေါ်ပါတယ်။ သူ့လို လုပ်တဲ့ အခြားကုမ္ပဏီများလည်း ရှိကြပါသေးတယ်။ ဥပမာအားဖြင့် payza, neteller, egopay စသဖြင့်ပေါ့ဗျာ။ အဲဒီလို paypal ထဲရောက်တဲ့ငွေကို အပြင်ထုတ်မယူဘဲနဲ့ တစ်ခါထဲ ဈေးဝယ်မယ်ဆိုလည်း ရပါတယ်။ Online shopping ပေါ့ဗျာ။ ဒါလည်း ရေးမယ်ဆိုရင် အတော်ရှည်ရှည်ရေးရပေလိမ့်မယ်။ အခုတော့ထားဦးဗျာ။
ခုနကပြောတာက တခြားနည်းလမ်း၊ ပိုရမယ့်နည်းလမ်းပါ။ သူ့သဘောတရားက ဒီလိုပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို သူတို့ ဆိုက်ကို လာကြည့်ဖို့ ဖိတ်ခေါ်ပေးတဲ့အတွက် ကော်မရှင်သဘော ပေးတာပါ။
ခုခေတ် တိုက်ရိုက်ဖြန့်တွေလိုပေါ့ဗျာ။ မတူတာကတော့ စကားများများ ပြောဆိုစည်းရုံးနေဖို့တော့ မလိုပါဘူး။ သူလုပ်ရင် သူရတာပဲလေ။ ကြော်ငြာနည်းပေါင်းကလည်း စုံတာပဲ။ ကိုယ့်အောက်လိုင်းရအောင် ကိုယ့်ဖာသာရှာလည်း ဖြစ်ပါတယ်။ မရှာနိုင်လည်း ကိစ္စမရှိပါ။
ငှားလို့ရတယ်ဗျာ။ အရမ်းဈေးသင့်တယ်။ တစ်လလုံးမှ ဒေါ်လာ ၁၅ပြား၊ ၂၀ပဲ။ ကဲ အဲဒီတော့ လူတစ်ယောက်က ကိုယ့်ကို တစ်နေ့ ၁ပြားပြန်ရှာပေးရင် လူ၁၀၀ဆိုရင် တစ်နေ့ ၁ကျပ်ဝင်ငွေရပြီပေါ့ဗျာ။ အဲဒါက အနှစ်သာရပါပဲ။ အဲဒီတော့ ငှားခကို ကိုယ်က စိုက်မထုတ်ချင်ဘူးဆိုရင် ကြော်ငြာကလစ်လို့ရတာလေးတွေကို စုထားလို့ရပါတယ်။ အဲဒီဆိုက်တဲမှာပဲ ပြန်စုထားလိုက်ပါ။ ခုနကလို ငှားရတဲ့လူတွေကိုတော့ Referral လို့ ခေါ်ပါတယ်။ အတိုကောက်တော့ RR ဆိုပါတော့။ ကိုယ်က မိတ်ဆက်ပေးပြီး ဆိုက်ထဲစ၀င်တဲ့လူကျတော့ Direct Referral အတိုကောက်တော့ DR ပေါ့ဗျာ။
ကဲ ဥပမာအနေနဲ့ အမြည်းသဘောအနေနဲ့ပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ နောက်နေ့ ဆက်တင်ပေးပါ့မယ်။ ၀က်ဆိုက်တစ်ခုမှာ Register လုပ်ရမှာပါ။ ကြော်ငြာလေးတွေ ကြည့်မယ်။ အဲဒါဆို ၀င်ငွေ စရလာပါတော့မယ်။ ဒီနေ့တော့ ဒီလောက်ပါပဲဗျာ။ မေးချင်တာလေးတွေရှိရင်တော့ မေးခွန်းလေးတွေ ချန်ထားခဲ့လို့ရပါတယ်ဗျာ

PTC (အင်တာနက်မှ ငွေရှာနည်းတစ်မျိုး)
အင်တာနက်က ငွေရှာတာတွေ ခေတ်စားနေတယ်။ ကျုပ်လည်း တစ်ခုလောက်ရေးဦးမှပဲ။ ဘယ်ကစရင်ကောင်းမှာပါလိမ့်
Saturday, 20 October 2012
မိုးရွာတဲ့နေ့
အပြင်မှာ မိုးတွေရွာနေတယ်။ နေ့တိုင်းလိုပဲ ရွှေပြည်ကြီးကို လွမ်းမိတယ်။ ဘာပဲပြောပြော ကိုယ့်နေရာသာ အကောင်းဆုံးမဟုတ်လား။ ဒါပေမဲ့ အိမ်မပြန်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အလုပ်လုပ်နေရလို့ပါ။ အခု မောင်စားကြီးက စလုံးမှာ အလုပ်လုပ်နေတာ။ ဘာလို့ ရွှေပြည်ကြီးမှာ မလုပ်သလဲလို့ မေးရင်တော့ ရှင်းရှင်းပြောရရင် မဖြစ်လို့ပါပဲ။ ရတဲ့လခက မလောက်တော့ ကြွေးတွေ နစ်သထက်နစ်လာတော့ နေလို့မရတော့ဘူးပေါ့။
ဒါဖြင့် ခုကော ကြွေးကင်းပြီလားဆိုရင်တော့ မကင်းသေးပါပေါ့။ ဘာလို့လဲ မမေးနဲ့တော့။ မဖြေတတ်တော့ဘူး။ သူငယ်ချင်းတစ်ချို့လည်း မေးကြတယ်။ မင်းဘယ်တော့ အပြီးပြန်မလဲတဲ့။ အရင်းအနှီးတစ်ခုရရင်တော့ ပြန်ချင်တာပေါ့လို့။ ဘယ်တော့များ ဖြစ်နိုင်မလဲနော်။

Sunday, 20 June 2010
Circuit တည်ဆောက်ခြင်း ကိုယ်တွေ့များ
ကျနော်ငယ်ငယ်က စမ်းသပ်မှုလုပ်တာ သိပ်ဝါသနာပါတယ်။ လျှပ်စစ်ဆားကစ်လေးတွေ သိပ်လုပ်ချင်တယ်။ အဲဒီလိုနဲ့ တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်က အားပေးပါတယ်။ ပစ္စည်းတွေလည်းရှိနေမှဆိုပြီးတော့ စလုပ်ကြည့်ဖြစ်ပါတယ်။ ကျနော့်မှာက မာတီမီတာ တစ်လုံး၊ ခဲဂေါက်တစ်ချောင်း၊ ခဲခွေနဲ့ ယူနီဗာဆယ် ဆားကစ်pcb ကဒ်လေးတစ်ကဒ်ရယ် ကြိုးလေးတွေရယ်လည်း ရှိနေတော့ ရပြီပေါ့။
အဲဒီတော့ လိုအပ်တာလေးကို ဆိုင်မှာသွားဝယ်ရပါတယ်။ တရုတ်တန်းပေါ့လေ။ စာအုပ်ထဲကပါတဲ့အတိုင်း flasher ဆားကစ်လေးတစ်ခု တည်ဆောက်ဖို့ပါ။ မူရင်းဆားကစ်က ဒီလိုမျိုးပါ။
အဲဒါကို ကဒ်လေးပေါ်မှာ ဆင်ရမှာပါ။ ကဒ်က ကိုယ့်ဖာသာဆက်လို့ရအောင် လိုင်းအတိုလေးတွေပဲပါတယ်။ ကြိုးလိုတာပေါ့။ လိုအပ်တာကို ဆက်ရပါတယ်။ ပြီးတော့ ခဲဆော်လိုက်တယ်။ ပြီးတော့ သေချာမစစ်ဘဲ ဗို့ကျွေးလိက်ပါတယ်။
မေ့သွားလို့ ကျနော့မှာ အဒက်ပတာလေးတစ်လုံးရှိပါတယ်။ ဗို့ပြောင်းလို့ရတဲ့ တရုတ်ကလာတာမျိုးလေးပါ။ အဲဒီမှာ ပြသနာစတော့တာပါပဲ။ ပါဝါစကျွေးလိုက်တဲ့အချိန်မှာ ကျနော့ဆားကစ်လေး မီးလောင်သွားပါတယ်။ ရင်တွေလည်း တုန်သွားတယ်။ အိမ်မှာက ကျနော်တစ်ယောက်တည်းလေ။ သူများတွေကတော့ အိပ်နေပြီ။ စိတ်လည်း ပျက်သွားပါတယ်။ ဘယ်တတ်နိုင်မလဲ။ ထိုင်ပြီးစဉ်းစားနေပါတယ်။ ဆားကစ်ထပ်ဆင်ဖို့တော့ ကြောက်သွားပြီ။ အဲလိုနဲ့ ထိုင်နေတာ တစ်နာရီလောက်ကြာသွားပါတယ်။ နောက်တော့ သိမ်းလိုက်တယ်။အိပ်လိုက်တယ်ပေါ့ဗျာ။ စိတ်ထဲတော့ သိပ်အစာမကြေဘူး။
ဘာလို့ဒီလိုဖြစ်တာလဲပေါ့လေ။ လူတွေဟာ တကယ့်အဆင့်မြင့်ဆားကစ်ကြီးတွေ၊ ကွန်ပျူတာတွေကိုတောင် လုပ်နေကြတယ် ငါ့အလှည့်ကျမှ ဘာလို့ လောင်ရတာလဲဆိုပြီး စဉ်းစားနေတယ်။
နောက်နေ့ကျတော့ သေချာ ပြန်စစ်တယ်။ မှားနေတာကိုးဗျ။ အဲဒီကဒ်လေးကိုတော့ ပြန်မသုံးတော့ပါဘူး။ အမှတ်တရပဲ သိမ်းထားလိုက်တော့တယ်။ နောက်ပိုင်း မာန်တက်လာရင် အဲဒါလေးကို ပြန်ကြည့်ဖို့ပါ။ ငယ်ငယ်က အမှားလေးပါ။
သိဖို့က ခဲဂဟေဆော်တဲ့အခါ သိထားစရာတွေများစွာရှိပါတယ်။ ဆားကစ်ပြားရဲ့ သန့်ရှင်းမှု၊ ခဲဂေါက်ရဲ့ သန့်ရှင်းမှု၊ ခဲအမျိုးအစားကောင်းမှု၊ ရီစ္စတာ စတဲ့ ပစ္စည်းများရဲ့ သန့်ရှင်းမှုကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ ခဲဂေါက်ရဲ့ ထိတွေ့မှု၊ထိတွေ့ချိန်တွေကလည်း အရေးပါပါတယ်။ လုံလောက်အောင်မပူလို့ ကျွဲချေးပုံလိုခဲတွေများပြီး ပုံနေပါလျက် အောက်ကကဒ်နဲ့ မထိတာမျိုး ဖြစ်တတ်ပါသေးတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။

Subscribe to:
Comments (Atom)